| *မုဒိတာဖြင့် ဘလော့ဂ်ခြင်း* |
|
|
|
| Written by pnth | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| Tuesday, 26 January 2010 14:07 | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
(၁) လွန်ခဲ့သော နှစ်နှစ်ခန့်က ဂျဝါဟလာ နေရူးနှင့် အမီတာ ဘာချန်တို့ မွေးရပ်မြေ အလာဟဘဒ် မြို့ကို ကျော်ဖြတ်၍ ကောသမ္ဘီမြို့ဟောင်းဆီ အလည်အပတ် ရောက်ခဲ့ဖူးသည်။ ယခုတိုင်လည်း ကောသမ္ဘီ ခရိုင်အဖြစ် အသိအမှတ်ပြု ခေါ်ဝေါ်နေကြဆဲပင် ဖြစ်သည်။ ကောသမ္ဘီ မြို့ဟောင်းသည် မြို့ပျက်ကြီး သဏ္ဌာန်လည်း မရှိတော့။ တောင်ကုန်း မို့မို့လေးများနှင့် ဃောသိတာရုံ ကျောင်းနေရာဟု ယူဆရသော ပရိဝုဏ် အုတ်ရိုးအုတ်ဘောင်များသာ တွေ့ရသည်။ ဃောသိတာရုံ ကျောင်းဆိုသည်က ဃောသက သူဌေးကြီး၏ ကောင်းမှုဖြစ်သည်။ ဃောသက သူဌေးကြီးနှင့် ဆက်ကာ သူဌေးကြီး၏ မွေးစားသမီးလေး သာမာဝတီကို သတိရလိုက်သည်။ သာမာဝတီက နောက်တစ်ချိန်တွင် ကောသမ္ဘီတိုင်း အရှင် ဥတေနဘုရင်၏ မိဖုရားတစ်ပါး ဖြစ်လာသည်။ သာမာဝတီတွင် မာဂဏ္ဍီ အမည်ရှိ ပြိုင်ဘက် မိဖုရားတစ်ပါးလည်း ရှိနေပြန်သည်။ သာမာဝတီက ဗုဒ္ဓအရှင်ကို ကြည်ညို လေးမြတ်သမျှ မာဂဏ္ဍီ အတွက်တော့ ဗုဒ္ဓဘုရားဆိုတာ ခါးသော အသီးကြီးပင် ဖြစ်သည်။ ကြားလည်း ခါး၊ မြင်လည်း ခါး၊ တွေးလည်း ခါးနေတော့သည်။ ဗုဒ္ဓအရှင်ကို ကြည်ညိုသော သာမာဝတီကို အပြတ် ရှင်းပစ်ချင်သလို ဗုဒ္ဓ အရှင်ကိုလည်း ကောသမ္ဘီ အ၀န်းအ၀ိုင်းမှ လွင့်ထွက်သွား စေချင်သည်။ သို့နှင့် ဗုဒ္ဓအရှင်၏ ဆွမ်ခံလမ်း တစ်လျောက်တွင် ဆဲနည်းပေါင်းစုံဖြင့် ဆဲရေးသူများ ပေါ်ပေါက်လာအောင် မာဂဏ္ဍီက ဖန်တီးခဲ့သည်။ အကွက်ကျကျ ဆဲနည်း ဆယ်မျိုး ရှိသည်ဟု ဆိုပါသည်။ ကောသမ္ဘှီ မြို့ဟောင်း တစ်နေရာမှာ ရပ်နေရင်း ထိုမြင်ကွင်းကို လမ်းမျှော် ငေးခဲ့ဖူးလေသည်။ ရှုလော့။ ဗုဒ္ဓအရှင်နှင့် သံဃာတော်များ စီတန်းလှည့်လည်ကာ ဆွမ်းခံကြွလာပြီ။ လမ်းဘေး ၀ဲယာမှာတော့ ဆဲရေးနေသူများ။ အော်ဟစ် ခြောက်လှန့် နေသူများ။ လက်သီး လက်မောင်းတန်း ယိမ်းထိုးနေသူများ။ ရီဝေ ကျိန်းစပ်သော မျက်လုံး အကြည့်များ။ သာမန် ရဟန်းတစ်ပါးထက် အရိယာအဖြစ် ပိုလွန်သော အာနန္ဒာ မထေရ်သည်ပင် တုန်လှုပ် ခြောက်ခြားသွားသည်။ အမှန်တကယ်ပင် ခြေလှမ်း မှားစရာလည်း ကောင်းလှသည်။ ကိုယ့်ကို မလိုလားသူတို့ ကြားတွင် ဖြတ်လျှောက်ရသော ကြပ်တည်းမှုမျိုးကို ကြုံဖူးကောင်း ကြုံဖူးနိုင်သည်။ ဘယ်လောက်များ နောက်ကျော မလုံစရာ ကောင်းလိုက်ပါသလဲ။ ဗုဒ္ဓအရှင် ကြုံတွေ့ နေရသည်က အရပ်လေးမျက်နှာ ၀ိုင်းအုံဆူပူ ဆဲရေးမှုကြီး ဖြစ်သည်။ ဆဲတတ်သူများနှင့် တစ်မနက်ခင်းလုံး သာမက (၇)ရက်တိုင်တိုင် ဖြစ်သည်။ ပထမဆုံး ရင်ဆိုင် တွေ့ရသော နံနက်ခင်းဆီက ဗုဒ္ဓအရှင်နှင့် အာနန္ဒာ မထေရ်မြတ်တို့၏ ဆွမ်းခံလမ်းပေါ်က ဒိုင်ယာလော့ဂ်ကို ဤသို့ ကြားလိုက်ရသည်။ အာနန္ဒာ “မြတ်စွာဘုရား ကောသမ္ဘီသား တွေဟာ တပည်တော် တို့ကို ရိုင်းပျစွာ ဆဲရေးနေကြပါပြီ။ အရပ်တစ်ပါးကို ထွက်သွားကြပါစို့” ဗုဒ္ဓ “တကယ်လို့ ထွက်သွားမိတဲ့ အရပ်က ရိုင်းပျစွာ ဆဲရေးကြမယ် ဆိုရင်ကော အာနန္ဒာ” အာနန္ဒာ “အခြားအရပ်ကို ထွက်သွားကြ တာပေါ့ ဘုရား။” ဗုဒ္ဓ “တကယ်လို့ ထွက်သွားမိတဲ့ အရပ်က ရိုင်းပျစွာ ဆဲရေးကြမယ် ဆိုရင်ကော အာနန္ဒာ” အာနန္ဒာ “အခြားအရပ်ကို ထွက်သွားကြ တာပေါ့ ဘုရား။” ဗုဒ္ဓ “တကယ်လို့ ထွက်သွားမိတဲ့ အရပ်က ရိုင်းပျစွာ ဆဲရေးကြမယ် ဆိုရင်ကော အာနန္ဒာ” အာနန္ဒာ “အခြားအရပ်ကို ထွက်သွားကြ တာပေါ့ ဘုရား။” ဗုဒ္ဓ “အာနန္ဒာ ဒီလို မလုပ်ကောင်း ပေဘူး၊ အဓိကရုဏ်း ပြဿနာ ဖြစ်ပွားတဲ့ နေရာမှာ အဓိကရုဏ်း ငြိမ်းအေးမှ သာလျှင် အရပ်တစ်ပါးကို ထွက်ခွာသင့် ပေရဲ့။” ဗုဒ္ဓအရှင်၏ ရဲရဲတောက်သော စကားတော် ကိုလည်း ဆက်နာကြည့် ပါဦး။ “အာနန္ဒာ ငါကိုယ်တော်ဟာ စစ်မြေပြင် ထွက်တဲ့ ဆင်ပြောင်ကြီးနဲ့ ထပ်တူဖြစ် ပေရဲ့။ စစ်မြေပြင်က ဆင်ပြောင်ကြီးဟာ အရပ် လေးမျက်နှာက တိုက်ခိုက် ပစ်လွှတ်လိုက်တဲ့ မြားတွေကို ကြံ့ကြံ့ခံနိုင် သလိုမျိုး မိုက်မဲ ညံဖျင်းသူတို့ ဆိုဆဲတဲ့ စကားအဖျင်းတွေကို သည်းခံရန်မှာ ငါ့ဝန်သာ ဖြစ်ပစေတော့။” ဗုဒ္ဓအရှင်က ဆဲရေးသူများကို မည်သို့မျှ မတုန့်ပြန်ခဲ့။ သို့နှင့် (၇)ရက် အတွင်းမှာပင် ဆဲရေးသူများ ပျင်းရိသွားသည်။ ဗုဒ္ဓ အရှင်မြတ်နှင့် ဗုဒ္ဓ အရှင်မြတ်၏ တရားဓမ္မကို အတွင်းသား အပြင်သား ခွဲခြားမသိသော မိုက်မဲစွာ ဆဲရေးသူတို့အား စောင်းငဲ့ကြည့်ဖွယ် မလိုခဲ့ပါလေ။ ကရုဏာဖြင့် စုတ်သပ်ရုံပင် ရှိတော့သည်။ (၂) ဒုတိယ သင်တန်းပြီးချိန် မှာတော့ ဂျမူးတက္ကသိုလ်တွင် ပါရဂူ ကျမ်းပြုနေသည့် ပညာရေး ကော်မတီဝင် အရှင်ကုဏ္ဍလက ဗာရာဏသီရောက်ခိုက် မိတ်ဆွေ ရဟန်းတော်များကို ဘလော့ နည်းပညာ စာအုပ်လေးများ ဓမ္မဒါန ပြုလေသည်။
(၃) အသောက မင်းတရား၏ ကျောက်စာတော် သည်လည်း ယနေ့ အင်တာနက် စီးဆင်းမှုကို ရုတ်ရုတ်သည်းသည်း ငြင်းခုန် ရန်လိုမှုများဖြင့် ဖြတ်သန်းလိုသော ဘာသာရေး ဘလော့ဂါများ အတွက် လေးစား လိုက်နာဖွယ်ရာ ကောင်းလှပေသည်။ “မိမိ ဘာသာတရား ကိုသာ လင်းပစေပြီး အခြားသူတို့ရဲ့ ဘာသာတရားကို ပြစ်တင်ရှုတ်ချ မပြုသင့်ကြ။ အခြားသူတို့ရဲ့ ဘာသာတရား ကိုလည်း လေးစားထိုက် ပေရဲ့။ အခြားသူ တို့ရဲ့ ဘာသာတရားကို လေးစားခြင်းဟာ မိမိ ဘာသာတရားကို လင်းပ ထွန်းကားစေနိုင် သပ။ မိမိ ဘာသာတရားကို ထွန်းပ။ အခြား ဘာသာတရားကို နှိမ့်ချခြင်းဟာ မိမိ ဘာသာတရားရဲ့ သင်္ချိုင်းကို မိမိကိုယ်တိုင် တူးမြှုပ်ရာ ရောက်သလို အခြား ဘာသာတရား ကိုလည်း နာကျင်စေတတ် ပေရဲ့။” “ငါ့ ဘာသာတရား ကိုသာ ငါထွန်းပ စေမည်” ဆိုတဲ့ အတွေး သက်သက်နဲ့ မိမိ ဘာသာတရားကို တစ်ဖက်သတ် ဂုဏ်ပြုချီးပပြီး အခြား ဘာသာတရားကို နှိမ့်ချ ပုတ်ခတ်ခြင်းဟာ မိမိ ဘာသာတရား ကိုသာ ပိုပြီးထိခိုက်ဖွယ် ရှိတော့တယ်။ ညီညွတ်ခြင်းဟာ မွန်မြတ်စွ။ အားလုံး နားထောင်ကြစေ။ အခြား ဘာသာတရားတို့ရဲ့ သွန်သင်ချက် ကိုလည်း နားထောင်တတ်ရန် ဆန္ဒရှိကြစေ။” (ကျောက်စာတော် အမှတ် ၁၂) (၄) ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း မင်းကိုသူမဲ၊ လူပုံထဲ၌ ဆိုဆဲရိုင်းပျ၊ သူရန်စလည်း မင်းက မဖြုံ၊ မင်း မမှုန်ခဲ့ မတုန်မလှုပ်၊ မင်းပြုံးရုပ်သည် ဟုတ်လှပေစွ၊ ဟုတ်ပေစွ ။ အခါတပါး၊ မြတ်ဘုရားကို ပုဏ္ဏားဒွါဇ၊ အမျက်ရှ၍ ငဆ နင်ပဲ၊ မျိုးစုံဆဲ၏ ဆိုဆဲအားရ၊ ထိုခဏ၌ ဗုဒ္ဓဘုရား၊ ထိုပုဏ္ဏားနှင့် စကားချီချ၊ ဆိုခဲ့ကြ။ ဘာရဒွါဇ၊ ဗြဟ္မဏ- အိမ်ဝရောက်လာ၊ သင့်ဆွေညာအား ရသာချိုအေး၊ ခဲဖွယ်ပေး၍ မကျွေးသလော၊ ကျွေးသလော ။ ငါ့ဆွေငါ့မျိုး၊ ငါမြတ်နိုး၍ မုန့်မျိုးစုံစွာ၊ သုံဆောင်ပါ-ဟု ငါကျွေးမွေး၏၊ ငါပေး၏။ ဘာရဒွါဇ၊ ဗြာဟ္မဏ သူကငြင်းဆန်၊ လက်မခံသော် ကြံ ပျား ဆီဥ၊ ခဲဖွယ်စုသည် မည်သူ့လက်မှာ၊ ရှိသနည်း။ သူမယူဘိ၊ နေသည်ရှိသော် ငါ၏လက်မှာ၊ ရှိသည်သာ ။ ဘာရဒွါဇ၊ ဗြာဟ္မဏ ငါ့အားသင်ပေး၊ မယဉ်ကျေးသည့် ဆဲရေးတိုင်းထွာ၊ ဆဲ တစ်ရာကို ငါ လက်မခံ၊ မိန့်လိုက်ဟန်သည် သုတ္တန်ထင်ရှား၊ အရှိသား။ ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း မင်းသိ မသိ၊ ငါမသိခဲ့ ငါသိသည်မှာ၊ သိရုံသာတည်း မင့်မှာတမူ၊ ယူမတူတို့ ငြူစူမှိုင်းမှုန်၊ အဆဲစုံ၌ မတုန်မလှုပ်၊ မင့်ပြုံးရုပ်သည် ဟုတ်လှပေစွ၊ ဟုတ်ပေစွ။ (ဇော်ဂျီ) ကဲ ငါ့ရှင်တို့ သတိကြီးစွာ မုဒိတာဖြင့်သာ ဘလော့ကြ ပေရော။ ဆဲသောသူများ အသံကား ကြားရန်မလိုပြီ။ ဆွေးနွေး ဝေဘန်မှုများ ကိုကား ဓမ္မနည်းလမ်းကျစွာ ဖြေရှင်းကြရ ပေလိမ့်မည်။ ---***---
Powered by !JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved." |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
မဟာကရုဏာရှင်


