ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ ကျန်းမာခြင်း စိတ်၏ရွှင်လန်းခြင်းဖြင့် ပြည့်စုံကြပါစေ။

 2010pyaesoneaung@gmail.com

Alt1
Alt1
လူမိုက်သည် ငါ့အား သားသမီးတို့ ရှိကုန်၏။ ဥစ္စာတို့သည်လည်း ရှိကုန်၏ဟု (စွဲလမ်းမှု
တဏှာဖြင့်) ဆင်းရ ပင်ပန်းရ၏။ အမှန်သော်ကား မိမိအား အတ္တသည်လည်း မရှိပါဘဲလျက် အဘယ်မှာ
သားသမီး ရှိအံ့နည်း? အဘယ်မှာ လျှင် ဥစ္စာ ရှိပါအံ့နည်း။

ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏၊ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် မငြိမ်းအေးနိုင်။


*မေတ္တာဖြင့်စီရင်အပ်သော (သို့) မင်္ဂလာရှိသောနေ့* PDF Print E-mail
Written by pnth   
Friday, 01 May 2009 14:13

ဘာလေးတွေလဲ
ဖြူလွလွရောင်စဉ်တန်းလေးတွေ
ကြယ်ကြွေတာလား… မနက်ခင်းကြီး
ငါမြင်ဘူးပါတယ်
အော်…
မသိခြင်းတွေနဲ့ မေ့လျော့နေလိုက်တာ
ချစ်စရာနှင်းပွင့်လေးတွေပါလား
သံသရာ တစ်ကြော့
ပြန်လည်လို့ခေါင်းမော့လာပြန်ပြီ။

ဟော…
စိမ့်ကနဲ စိမ့်ကနဲနဲ့
အေးချမ်းမှုအရသာလေးတွေ
လာပြီးတို့ထိ ဆော့ကစား
ငါ့ကိုကြည်စားနေပြန်ပြီ။

အဲ…
ဘာလိုလိုနဲ့
ငါနဲ့နှင်း
နှင်းနဲ့ငါ
မခွဲမခွါ ပျော်ပါး
သစ္စာတွေထား
မေတ္တာတွေပွား
ကြည်နူး ပျော်ပါး
ရန်ဖြစ်
ပြန်ချစ်
… … …
… … …
နှစ်ဆယ့်ခုနစ်နှစ် ပြည့်ပြီ။

ငါ..ဘာဖတ်နေတာပါလိမ့်
အော်.. မသိခြင်းငါးမျိုး
ဘယ်အရွယ်မှာ သေမှာလဲ…?
ဘာရောဂါနဲ့ သေမှာလဲ…?
ဘယ်အချိန်မှာ သေမလဲ…?
ဘယ်သုဿာန်မှာ စွန့်ပစ်ခံရမလဲ…?
ဘယ်ဘ၀ ရောက်မလဲ…?
မသိ
မသိ
ငါ.. လုံးဝမသိ။

ထား…
ငါဘာသိလဲ
နှင်းပွင့်ကြွေကျ
အေးမြမှု အရသာ
ရောင်ဝါလာရင် ပျက်စီး
ဒါ.. ငါသိပြီးသား။

နောက်
ဘ၀ရေလှိုင်းထဲ
ငါကူးခတ်ခဲ့
စုန်ချည် ဆန်ချည်
မြင့်ချည် နိမ့်ချည်
ကွေ့ချည် ကောက်ချည်
ငါရောက်ခဲ့ဘူးပြီ။

စဉ်းစားစမ်း
နှင်းကျေနပ်အောင်
ငါဘာလုပ်ဖို့ ကျန်သေးလဲ
ဆက်ဖတ်လိုက်တယ်
အနေတတ်ခဲ့
သေတတ်ရန်သာ ကျန်၏။ ။

အစ်ကိုရေ.. အစ်ကိုရဲ့ မွေးနေ့ ပွဲအတွက် ဦးဦးဖျားဖျား မွေးနေ့လက်ဆောင် ပေးချင်လို့ ဒီကဗျာလေးကို မွေးနေ့မတိုင်ခင် ညီပို့လိုက်ရပါတယ်..။ အစ်ကို့ရဲ့ ညီငယ်တစ်ယောက်အနေနဲ့ ကော ဓမ္မမိတ်ဆွေတစ်ယောက် အနေနဲ့ပါသဘောထားပြီးလက်ခံပေးပါ။ အရင်တစ်ခေါက်ကတော့ အမြည်းပေါ့ အစ်ကိုရာ..။


>>ဤမွေးနေ့မှသည် နောင် ၀ိဥာဏ်ချုပ်သည့် တိုင်အောင် တရားနှလုံးသွင်းပြီး အေးမြငြိမ်းချမ်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်စေကြောင်း၊ ခန္ဓာ့ဝန်၊ သာသနာ့ဝန်ကိုလည်း ကိုလည်း လွယ်လွယ် ကူကူ ဆောင်ရွက်နိုင်စေကြောင်း ဒီကဗျာလေးနဲ့အတူ ဆုတောင်းရင်း မေတ္တာပို့သလိုက်ပါတယ်…။


လေးစားစွာဖြင့်
ပြည့်စုံအောင်


23.11.2008, SUN:, 09:55:45am

Last Updated ( Tuesday, 05 May 2009 13:53 )
 
*မွေးရပ်မြေ အလွမ်း* PDF Print E-mail
Written by pnth   
Friday, 01 May 2009 14:11
ကွမ်းခြံမြေ သာတဲ့ကွန်းဆီသို့
ခွန်းသံခြွေ စာဖွဲ့လွမ်းမယ်လို့
တမ်းတကာ မျှော်မိပါပေါ့
လွမ်းသစွာ ပျော်စိတ်ရယ်က
ယိုဖိတ်ကာကြွယ်။

တစ်ခေတ်ကို တစ်ခါပြောင်းမယ်လို့
အပြစ်ဆိုစရာ မရှိအောင်ပ
သတိဆောင် ရိုးသားစိတ်တွေနဲ့
ကတိဆောင် ကြိုးစားကြမယ်
(တို့မြို့) တိုးပွားဖို့ရွယ်။

ယနေ့မှာက နယ်မြို့အဝေးရောက်နေလည်း
မမေ့ပါဗျ ကယ်ဖို့အတွေးရယ်က
တစ်နေ့တစ်ခါမက ပေါ်လို့လာပါပေါ့
ကျော်စေမယ် ကမ္ဘာတစ်ဝှမ်းကိုလ
သြော်.. အဆွေရယ် စာဖွဲ့တမ်းတယ်
(ကျွန်တော်လေ)
လွမ်းတသသ။ ။

>>ကွမ်းခြံမြေ = ကွမ်းခြံကုန်းမြို့

ဒီကဗျာလေးကို အချောသတ် ရေးပြီးတဲ့ နေ့က ၂၀၀၇ ခုနှစ် ပြည်ထောင်စု နေ့ (တနင်္လာနေ့) မှာပေါ့။

လေးစားစွာဖြင့်
ဖိုးသား

02.12.2008, TUE:, 05:23:33 pm
 
*အဘယ်ကူလို့ လှပါလိမ့်* PDF Print E-mail
Written by pnth   
Friday, 01 May 2009 14:10
နှင်းပွင့်နှင်းစက်
ငွေရည်စွက်လို့
တစ်စက်တစ်ပွင့်
ရွေ့ရွေ့လွင့်သည်
ငွေ့ငွေ့တင့်တဲ့ ဟေမာန်ချိန်။

ရွှေရည်လွှမ်းသည့်
နေခြည်ဖျန်းပက်
သဇင်ခက်လည်း
တစ်စက်ချင်းပြို
ငွေရည်ငိုလို့
စိုစိုပြေပြေ တင့်နေချိန်။

စိမ်းညို့မှိုင်းပြ
တောင်တန်းလှလည်း
လွလွလွှမ်းခြုံ
မြူရစ်ထုံလို့
အစွမ်းကုန်အောင် လှနေချိန်။

ထိုစဉ်ထိုခါ
လေပြည်လာ၍
ပွင့်လွှာပန်းရုံ
လေငွေ့လှုံသည်
ထုံထုံအီအီ ပျံ့သင်းချိန်။

သို့ပင်ရှိငြား
မောင့်အပါးမှာ
သက်ထားမရှိ
လွမ်းအားငြိတော့
မချိရင်ပူ
ဘ၀င်ဆူခဲ့
အဘယ်ကူလို့ လှပါလိမ့်။ ။

လေးစားစွာဖြင့်
ဖိုးသား

08.12.2008, MON:, 06:26:20 pm
 
*သူဘယ်သူပါလိမ့်* PDF Print E-mail
Written by pnth   
Friday, 01 May 2009 14:05


သူ့မှာ
သတ္တ၀ါတွေအပေါ်
ညှာတာသနားတတ်တဲ့
ကရုဏာတရားတွေရှိတယ်။

သူ့မှာ
ရန်ကိုရန်ချင်း
မတုံ့နှင်းလိုတဲ့
မွန်မြတ်စိတ်ဓါတ်ရှိတယ်။

သူ့မှာ
သေသပ်လှပ
ဥပေက္ခာတရားနဲ့ယှဉ်တဲ့
မေတ္တာတရားတွေရှိတယ်။

သူ့မှာ
အရောင်မခြယ်
သဒ္ဓါကြွယ်တဲ့
ချစ်ခြင်းတရားတွေရှိတယ်။

သူ့မှာ
သူများကောင်းကျိုး
သယ်ပိုးလိုတဲ့
စေတနာတရားလည်းရှိတယ်။

သူ့မှာ
သူများကောင်းစား
ဝမ်းသာအားတဲ့
မုဒိတာတရားလည်းရှိတယ်။

သူ့မှာ
ညှာတာထောက်ထား
စာနာတတ်တဲ့
အကြင်နာဓါတ်လည်းရှိတယ်။

သူ့မှာ
သူနဲ့ ကိုယ့်ကိုယ်ကို
နှိုင်းယှဉ်စဉ်းစားလိုတဲ့
ကိုယ်ချင်းစာတရားလည်းရှိတယ်။

သူ့မှာ
ခုနစ်ဖြာညီတဲ့
သူတော်ကောင်းတရားလည်း
အစီအရီ ရှိလိုက်သေးတယ်။

သူဘယ်သူပါလိမ့်?
သင်လည်းဖြစ်နိုင်သလို
ကျွန်ုပ်လည်းဖြစ်နိုင်တယ်။

သူ့လို
ကျင့်ကြံနိုင်ရင်ပေါ့။
အားထုတ်နိုင်ရင်ပေါ့။
စဉ်းစားဆုံးဖြတ်
သုံးသပ်တတ်ရင်ပေါ့။ ။


လေးစားစွာဖြင့်
ဖိုးသား

26.12.2008, FRI:, 04:18:40 am
 
*လွမ်းလို့ကျန်ရစ်ခဲ့မှာကိုတော့ အားနာပါတယ်လေ* PDF Print E-mail
Written by pnth   
Friday, 01 May 2009 14:04
သဘောတရားတွေ သိဖန်များတော့
တရားသဘောတွေ ပါလာပြီ။

အသိတရားရှိသူတွေ အတွက်တော့
တရားအသိတွေပါပဲလေ။

အမေပြောရင်
အမောပြေပေမယ့်
အိပ်ရင်
တရေး (နဲ့) အားရမှုမရှိတဲ့ကျွန်တော့်ကို
တရားရေအေးက
ပိုလို့ အမောပြေစေခဲ့ပြီ။

ဒီတော့ကာ
အပြောချိုတဲ့
အပျိုချောရေ…
အကျွန်ုပ်
တရုတ်အားထားတာကိုရပ်လို့
တရားအားထုတ်တော့မှာမို့
ဒီဘ၀အတွက်တော့
နှမလက်လျှော့ နေလေတော့။ ။

>>> အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေခင်ဗျာ။

လေးစားစွာဖြင့်
ဖိုးသား

27.12.2008, SAT:, 07:59:52 am
 
*ချစ်နှမသို့ မှာတမ်း* PDF Print E-mail
Written by pnth   
Friday, 01 May 2009 13:59
အိ စက်နူးညံ့မှု
ဒီသဘောကို
လူတိုင်း သတ္တ၀ါတိုင်း
သဘောကျသတဲ့။
စကားပြောအိစက်နှုးညံ့တာ
အထိုင်အခင်း အိစက်နူးညံ့တာ
စိတ်ထား အိစက်နှုးညံ့တာ
-------အိစက်နူးညံ့တာ
-------အိစက်နူးညံ့တာ
အကောင်းဆုံးကတော့
နှလုံးသား အိစက်နူးညံ့တာ
သတ္တ၀ါတိုင်းအပေါ်မှာလေ။

ရောင် ၀ါ နေမင်း
သူ့အလင်းကလည်း
လောကတစ်ခွင်
အလှဆင်လို့
ရွှေအဆင်း ၀င်းဝါတာလောက်တော့
ပမွှားပါလို့ဆိုရလောက်အောင်
ထွန်းတောက်နေလေရဲ့။

ဘာပဲအားထားအားထား
ဘာပဲကိုးကွယ်ကိုးကွယ်
မပြောလိုပါဘူးကွယ်။

သို့ပါငြားလည်း
တစ်ခုမှာမယ်
ချစ်နှမငယ်
မျက်တော်မညိ
စိတ်မရှိလေနဲ့
စိတ်နှလုံး
အိစက်နူးညံ့စေ။
ဝင်းဝါရောင်ခြည်
အလှညီတဲ့
ရှင်နေမင်းလို
လောကအဆင်း
မြူကိုခွင်းလို့
ထပ်လောင်းအလှဆင်နိုင်စေ။

ဤသို့ပြုမူ
အလှကူနိုင်က
လောကမြေမဟာ
ဤကမ္ဘာမှ
ညီမငယ်ပျိုကညာကို
အလိုရှိစွာကြိုလင့်ပေလိမ့်
အောင် ပန်းနဲ့အတူ
အောင် ဆုတွေယူပြီး
အောင် မြင်စေကြောင်း
အောင် စေကြောင်း။
အောင် နိုင်စေကြောင်း
အောင် စေကြောင်း။
အောင် ပါစေကြောင်း
အောင် စေကြောင်း။ ။

ညီမငယ်လေး "အိဝါအောင်" တစ်ယောက် အမှန်တရားကို အမြန်ဆုံးရှာတွေ့လို့ အောင်ပန်းတွေ လှမ်းဆွတ်နိုင်ပါစေ။

လေးစားစွာဖြင့်
ဖိုးသား

29.12.2008, SUN:, 02:46:26 pm
 
*နေကမွေးတဲ့ လ* PDF Print E-mail
Written by pnth   
Friday, 01 May 2009 13:29

အလို…
ဝင်း ၀ါရောင်အဆင်းနဲ့
ဟိုးအ မြင့် ထက်မှာ
လင်းအားကောင်းလှချည်လား
ရှင်နေမင်းရယ်။

အကျွန်ုပ်လေ
အရှင့်ဆီက
အလင်းဓါတ်တွေ
အပူစွမ်းအားတွေ
စတဲ့ စတဲ့
အကျိုးကျေးဇူးတွေ
ရရှိခံစား စံစားနိုင်လို့
အကျွန်ုပ်ကို
ပေးဝေငှ ထွန်းလှစေလို့
ပျက်သုဉ်းမသွားတဲ့
လက်သုံးစကားလေးနဲ့
ရှေးရှုကာ ဖြေရှင်းလိုက်တော့
ကျေးဇူးပါ နေမင်း…။

အို…
ဖိုး ရွှေလမင်း
ငွေ သား အဆင်းနဲ့
ရှင်းသန့်သန့် တင့်လိုက်တာ
အသင်လည်း
ဝင်းဝါနေမင်းလို
ဟိုးအမြင့်မှာပဲနော်။

အသင့်ကိုလည်း
ဘေးမခစေတဲ့
အေးမြဆောင်ကျဉ်း
အလင်းတွေပေးနေလို့
အလေးဂရုပြုကာ ပြနှင်းတော့
ကျေးဇူးပါ လမင်း...။

စိတ်ကူးစေရာသို့
ဝေဒနာ နောက်ကလိုက်ရင်း
(အကျွန်ုပ်) ဖြေရှာတွေးကြည့်ရသော်
အော်…
နေ ကမွေးသည့် ပါလား…။ ။

နေမင်း = လက်ဦးဆရာ မိဘနှစ်ပါးနှင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအပေါင်း။
လမင်း = အကျွန်ုပ်

>>> ၀ိပဿနာအလင်း ဖြန့်ခင်းပေးခဲ့သော၊ ဖြန့်ခင်းပေးဆဲဖြစ်သော၊ ဖြန့်ခင်းပေးလတ့္တံသော ကိုဝင်းမြင့်၊ မွေးကျေးဇူး၊ ကျွေးကျေးဇူးရှင် လက်ဦးဆရာ မိဘနှစ်ပါး၊ မသိသေးသည်များ သိအောင် သွန်သင်ဆုံးမ နည်းပြပေးခဲ့သော၊ သွန်သင်ဆုံးမ နည်းပြပေးဆဲဖြစ်သော၊ သွန်သင်ဆုံးမ နည်းပြပေးလတ္တံ့သော ဘုန်းဘုန်း ဦးကောဝိဒ၊ ဘုန်းဘုန်း သာဓိန၊ ဘုန်းဘုန်း ဦးကုမာရ၊ ဘုန်းဘုန်း ဦးနာယကာလင်္ကာရ၊ ဦးဇင်း ၀ိဇ္ဇောတကိုဥပါသကာကိုလေလွှင့်သူကိုအလှတရား နှင့်တကွ အကျွန်ုပ်၏ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းတို့အား ဤကဗျာလေးဖြင့် ၀ပ်တွားခယ မာန်ကိုချလို့ တလေးတစား ဦးတင်လျက် ပူဇော်လိုက်ပါရစေ။

လေးစားရိုသေစွာဖြင့်
ဖိုးသား

11.01.2009, SUN:, 08:26:17 PM
 
*ရှင်ဘုရင်ရဲ့ ဆင်ခြင်ခဏ်း* PDF Print E-mail
Written by pnth   
Friday, 01 May 2009 13:26


ဆရာဝန်နဲ့ လူနာ
ဆရာနဲ့ သူ့တပည့်။

ရှေ့နေနဲ့ အမှုသည်
လူမမည်နဲ့ အဘွားအို။

တရားလိုနဲ့ တရားခံ
မှန်ကန်သူနဲ့ အကြံအဖန်လူ။

ဦးပဇင်းနဲ့ ဒါယကာ
ဉာတကာနဲ့ သူစိမ်းသူရံ။

ကျွန်နဲ့ အရှင်သခင်
ပိုင်ရှင်နဲ့ အလုပ်သမား။

ထုတ်ကြွားသူနဲ့ နှိမ့်ချသူ
စိတ်လှသူနဲ့ စိတ်မလှလူ။

အမှားဆင်သူနဲ့ အမှားပြင်လူ
လယ်ပိုင်ရှင်နဲ့ သူရင်းငှား။

အော်…
အချင်းများဖွယ်
အသွင်အမျိုးမျိုးနဲ့
အဆင်ဘယ်လို ကွဲနေလည်း
စွဲထင်ကာ စိတ်မှာကြည့်လိုက်တော့
စိတ်နာဖွယ်အတိ
တူညီချက်ကိုတွေ့ရှိ
ငါကိုယ်တော်မြတ် အပါအ၀င်ပေါ့လေ။

ကျယ်ပြန့်တဲ့ စိတ်အစဉ်နဲ့
ရေမြေ့သခင် ပြည့်အရှင်မင်းမြတ်
ရွှေပလ္လင်ပေါ်မှာ ခန့်ခန့်ထိုင်ရင်း
သွေးအေးအေး သံသယလေးနဲ့
ဖြေးဖြေးတွေး ဉာဏ်အလှပြေးလို့
ရေးတေးတေး ကြံဆတွေးတော့
မှန်စွဝန် တဏှာဖို့ထမ်းနေတဲ့
ခန္ဓာ့ကျွန် ငါတို့တွေပါလား။ ။

>>> အားလုံးသော ဓမ္မမိတ်ဆွေများ ခန္ဓာ့ကျွန်သပေါက် အဖြစ်မှ လွတ်မြောက်အောင် ကြိုးစား အားထုတ် နိုင်ကြပါစေ။

လေးစားစွာဖြင့်
ဖိုးသား

13.01.2009,TUE:, 00:59:20 AM
 
*ဒီစိတ်...* PDF Print E-mail
Written by pnth   
Friday, 01 May 2009 13:02

ငါ့ဘ၀င်မှာ

မထချင်ပေမယ့်လို့

ဘ၀အစဉ်ပြတ်အရေး

မျှော်တွေးကာအားထုတ်

တရားအလုပ်, လုပ်မှာမို့

ဒီစိတ် ကလေးကို ပြန်ကာရှု

နိုးထမှုပြုခဲ့...။



တစ်ခါတစ်လေ

လုပ်နေကျအလုပ်တွေ

လုပ်နေကျအချိန်မှာ

ပုံမှန်လုပ်နိုင်ဖို့

သွေဖီ မိုက်မဲ

ခက်ခဲနေလိုက်တာ

အလေလိုက်တဲ့ ဒီစိတ် ကြောင့်...။



အလျှော့ပေးပေါင်းများတော့လည်း

လျော့ကျနေတဲ့ ဒီစိတ်

အတိတ်မှာပျော်

အနာဂတ်မျှော်လို့

အော်...

လက်ရှိမှာတော့

တော်တော်နေသားမကျတာပဲ...။



သာယာလိုက်... ပျော်မွေ့လိုက်...

စိတ်ကွက်လိုက်... အလိုမကျလိုက်...

ပျင်းရိလိုက်... ထိုင်းမှိုင်းလိုက်...

လူးလွင့်လိုက်... စီးမျောလိုက်...

လှုပ်ရှားလိုက် ...ဆောက်တည်ရာမဲ့လိုက်...

ယုံမှားလိုက်... သံသယဖြစ်လိုက်...

အော်... ဒီစိတ် နှယ်

ဂနာကို မငြိမ်ပါလားနော်...။



အဆိပ်ကို အဆိပ်နဲ့ ဖြေသတဲ့

သိုင်းကားတွေထဲမှာလေ...။



ခုတော့ ငါလည်း

အစိုးမရတဲ့ ဒီစိတ်

အလေလိုက်တဲ့ ဒီစိတ်

ဂနာမငြိမ်တဲ့ ဒီစိတ်

အစိုးရအောင် အားပြု

အဆိပ်ကို အဆိပ်နဲ့ ကုစားသလို

စိတ် ကို စိတ် နဲ့ပဲ ရှုပွားရတော့မပေါ့...။



လေးစားစွာဖြင့်
ဖိုးသား

07/02/2009, SAT:, 9:32:09 AM

 
*သူငယ်ပုစ္ဆာ အဖြေရှာ* PDF Print E-mail
Written by pnth   
Friday, 01 May 2009 13:01
ဖြေရှင်းစရာ နည်းလမ်း
တစ်ခါတစ်လေ အလှမ်းဝေး
လှမ်းငေးနေရရုံသက်သက်
မဖြေရှင်းတတ်ခဲ့...။

သူတို့ပြောတယ်
ပုစ္ဆာတိုင်းမှာ အဖြေရှိသတဲ့လေ...၊
ပုစ္ဆာကပဲ ခက် လေသလား...
အဖြေကပဲ ၀ှက် လေသလား...။

သက်ရောက်မှုတွေ
တန်ပြန်မသက်ရောက်လေတော့
ဟန်ပန်လုပ် ပြုံးပြ
အရှုံးနဲ့ လှည့်ပြန်ခဲ့...။

နယူတန်ကပြောတယ်
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိသတဲ့...၊
သက်ရောက်တာက နည်း တာလား...
တန်ပြန်တာက လွဲ တာလား...။

သောက်စရာ ဆေးတစ်လက်
တစ်ချက်တစ်ချက် ပျောက်ဆုံး
တစ်ယောက်သောသူကို အရှုံးပေး
နှလုံးမအေးစွာ ပြန်ကြ...။

ပြောကြပြန်တယ်
အနာသိရင် ဆေးရှိသတဲ့...၊
အနာကပဲ ရင်း တာလား...
ဆေးကပဲ မပြင်း တာလား...။

ဖြေရှင်းရင်း ဖြေရှင်းရင်း
အသေနဲ့နီးလာ
အ၀ိဇ္ဇာ အမှောင်သိုင်းခြုံရင်း
သေမင်းနိုင်ငံ ကြွမြန်းကြ...။

ရှင်မြတ်ဘုရားဟောတယ်
အလင်း(၀ိဇ္ဇာ)ရောက်ရင်
အမှောင်(အ၀ိဇ္ဇာ)ပျောက်မယ်တဲ့...၊
အလင်းကပဲ အားနည်း သလား...
အမှောင်ကပဲ အားစွဲ သလား...။


လေးစားစွာဖြင့်
ဖိုးသား

14/02/2009, SAT:, 10:42:54 PM
 
<< Start < Prev 11 12 13 14 15 16 17 18 19 20 Next > End >>

Page 18 of 20
This is your copyright info.
Hosting အလှူရှင် (စေတနာရှင်) နှင့် ဖိုးသားမှ ဓမ္မဒါနပြုပါသည်